သိုင်းရွိုက်ဟော်မုန်းက ဘာတွေလုပ်ပေးသလဲ?
သိုင်းရွိုက်ဟော်မုန်း နည်းခြင်း
အသက်အရွယ်မရွေး ကျားမလူမျိုးမရွေးဖြစ်နိုင်ပါတယ်။ အသက်ကြီးသူများနှင့် သွေးဆုံးပြီး အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။
သွေးထဲမှာ သိုင်းရွိုက်ဟော်မုန်း လုံလောက်တဲ့ပမာဏရှိအောင် မထုတ်လုပ်တဲ့အခါမှာ ခန္ဓာကိုယ်တွင်းဇီဝကမ္မဖြစ်စဥ်တွေ နှေးကုန်ပါတယ်။
ဘာကြောင့် သွေးထဲက သိုင်းရွိုက်ဟော်မုန်းတွေ နည်းကုန်တာလဲ?
- သိုင်းရွိုက်ဂလင်းရောဂါ
ကိုယ်ခံအားစနစ်က သိုင်းရွိုက်ဂလင်းကို တိုက်ခိုက်ဖျက်ဆီးခြင်းကြောင့် ဖြစ်ပါတယ်။ မျိုးရိုဗီဇကြောင့်ဖြစ်သလို ကိုယ်ဝန်ဆောင်နှင့် ကလေးမွေးပြီး မိခင်တွေမှာ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် သိုင်းရွိုက်ဟော်မုန်း နည်းခြင်းကို သေသေချာချာ မကုသပါက သားပျက်သားလျှောတာ၊ ပေါင်မပြည့်လမစေ့မွေးတာ၊ ကလေး ဉာဏ်ရည်မမှီတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
- သိုင်းရွိုက်ဂလင်းယောင်ရမ်းခြင်း
ဗိုင်းရပ်စ်ပိုးဝင်ခြင်း၊ ကလေးမွေးပြီးချိန်တွေမှာ ပိုဖြစ်ပါတယ်။
ဒီရောဂါတွေအပြင် အိုင်အိုဒင်းဓာတ်ချို့တဲ့သူ၊ သိုင်းရွိုက်ဟော်မုန်းများခြင်းကို ဓာတ်ရောင်ခြည်ကုထုံးခံယူထားသူ၊ ရောဂါကြောင့် သိုင်းရွိုက်ဂလင်းခွဲစိတ်ဖယ်ရှားထားသူတွေမှာလည်း သိုင်းရွိုက်ဟော်မုန်းနည်းခြင်းပြဿနာတွေ့ရပါတယ်။
- ပီကျူထရီဂလင်းရောဂါ
ပီကျူထရီဂလင်းက သိုင်းရွိုက်ဂလင်းကို တဆင့်ပြန်ထိန်းချုပ်ထားတာမို့လို့ အချို့သော ပီကျူထရီဂလင်းရောဂါတွေမှာ သိုင်းရွိုက်ဟော်မုန်းနည်းခြင်း ဖြစ်နိုင်ပါတယ်။
သိုင်းရွိုက်ဟော်မုန်း နည်းခြင်းမှာ ဘာလက္ခဏာတွေတွေ့နိုင်သလဲ?
ရောဂါလက္ခဏာတွေဟာ ရုတ်တရက်ဖြစ်လာတာမဟုတ်ဘဲ အချိန်ကြာလာနှင့် အမျှ တဖြည်းဖြည်းချင်းပေါ်လာတတ်တာမျိုးပါ။
- အားအင်ကုန်ခမ်း ပင်ပမ်းနွမ်းနယ်နေခြင်း
- ခြေလက်ကလေးများထုံကျင်နေခြင်း
- ဝမ်းချုပ်ခြင်း
- ကိုယ်အလေးချိန်တက်လာခြင်း
- ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
- စိတ်ဓာတ်ကျခြင်း
- ခါတိုင်းထက်ပိုပြီး အအေးဒဏ်မခံနိုင်ခြင်း
- အသားအရည်များ ခြောက်သွေ့ကြမ်းတမ်းနေခြင်း
- ရာသီခဏခဏလာခြင်း၊ သွေးဆင်းများခြင်း
- လိင်စိတ်ကုန်ခမ်းခြင်း
- မျက်ခွံလေးလံခြင်း
- မျက်နှာနှင့် မျက်လုံးတဝိုက် ဖောယောင်နေခြင်း
- အသံသြလာခြင်း
- သတိမကောင်းခြင်း
- ခန္ဓာကိုယ်အပူချိန် လျော့ကျခြင်း
- သွေးအားနည်းခြင်း
- နှလုံးကောင်းစွာ အလုပ်မလုပ်ခြင်း
- အမျိုးသားများတွင် လိင်တံကောင်းစွာမထောင်မတ်နိုင်ခြင်း တွေဖြစ်လာတတ်ပါတယ်။
သိုင်းရွိုက်ဟော်မုန်းနည်းခြင်းဟာ သူ့ဘာသာပျောက်ကင်းသွားနိုင်သလား?
သိုင်းရွိုက်ဟော်မုန်းနည်းခြင်းဟာ ရောဂါနုသူတွေမှာ သူ့အလိုလို သက်သာပျောက်ကင်းသွားနိုင်ပေမယ့် သိုင်းရွိုက်ဟော်မုန်းဆေးများပေးခြင်းဖြင့် ကုသရတာတွေလည်းရှိပါတယ်။ ရောဂါများကြောင့်ဖြစ်ရင် ဆိုင်ရာရောဂါကို ကုသမှုခံယူရမှာပါ။ စနစ်တကျဆေးကုသမှုခံယူရင် နောက်ဆက်တွဲဆိုးဝါးတဲ့ပြဿနာတွေဖြစ်မလာအောင် တားဆီးနိုင်ပါတယ်။
လည်ပင်းကြီးခြင်း(သိုင်းရွိုက်ဂလင်းကြီးခြင်း) ဖြစ်ရင် အစားအစာထဲမှာ အိုင်အိုဒင်းဓာတ်များတဲ့ ဥအမျိုးမျိုး၊ နို့၊ အသားငါးနှင့် ပင်လယ်စာများ၊ ရေညှိ၊ အိုင်အိုဒင်းဖြည့်ဆားများ မှီဝဲဖို့ လိုပါတယ်။ သိုင်းရွိုက်ဟော်မုန်းဖြည့်ဆေးတွေ သောက်ရပါမယ်။ မကုသဘဲထားရင် သိုင်းရွိုက်ဂလင်းကြီးခြင်း၊ အသက်ရှူလမ်းကြောင်းရောဂါများ နှလုံးရောဂါများ၊ စိတ်ကျန်းမာရေးပြဿနာများ ဖြစ်လာနိင်ပါတယ်။ ဟော်မုန်းရောဂါများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဆရာဝန်များနှင့် လိုအပ်သလို တိုင်ပင်ဆွေးနွေးကုသမှုခံယူသင့်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယုမွန်